ကလေးတွေကို စကားပြောပါ..



၇ နှစ်သမီးလေးကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အမှု.. တရားခံကတော့ မိပါပြီ.. အသက် ၂၀ အရွယ် ယောက်ျား.. တခြားဟာတွေ မပြောလိုဘူး.. တစ်ခုပဲ ဒီသတင်းကိုဖတ်ပြီး တွေးမိတာကို ပြောပြချင်တာ.. 

ဒီထဲမှာ ပါတဲ့ စာပိုဒ်ကို ဖတ်ကြည့်.. စော်ကားခံရတဲ့ သမီးလေးက ၇ နှစ်.. သူဖြစ်ခဲ့တာကို ဘယ်သူ့ကိုမှပြန်မပြောဘူး.. အဒေါ်လုပ်တဲ့သူက သူတို့ သူငယ်ချင်း အချင်းချင်း ပြောသံကြားလို့ မေးတော့မှ သိရတယ်တဲ့.. သေချာတာက ကလေးချင်းပြောပြခဲ့တယ်.. ပြီးတော့ ကလေးတွေ စိတ်ထဲမှာ ဒါဟာ လူကြီးမသိအောင် ထားရမယ့်ကိစ္စလို့ ထင်နေတယ်.. လူကြီးသိရင် သူတို့ ဆူခံရိုက်ခံရမယ် အပြစ်ပြောခံရမယ်လို့ ထင်နေတယ်.. ဒါကြောင့်သာ "အဖေနဲ့ တိုင်ပြောမယ်"လို့ သူငယ်ချင်းက ပြောနေတယ်လို့ ရေးထားတာပဲ..

အဲလိုစိတ်ကပဲ ကလေးတွေအတွက် အဓိက အနာတရဖြစ်စေတာပဲ.. ခုဖြစ်စဉ်မှာဆိုရင် လက်နဲ့ကိုင်တာ ပါးစပ်ထဲထည့်တာလို့ပဲ ပါတယ်.. သမီးလေးမှာ ကိုယ်ခန္ဓာအားဖြင့် ထိခိုက်နာကျင်သွားရတာမျိုး မရှိဘူး.. ဒါပေမယ့် ဒီကိစ္စသာ မပေါ်လာဘူး သူ့အဒေါ်ကသာ မကြားမိခဲ့ဘူးဆိုရင် သူ့စိတ်ထဲမှာ တစ်သက်လုံး ဒါကြီးဟာ အပြစ်ကြီးတစ်ခုလို့ ခံစားပြီး ကြီးလာရတော့မှာ.. အဖေအမေ မသိအောင်ဆိုပြီး လျှို့ဝှက်နေရတော့မှာ.. ဒီလူဟာ နောက်တကြိမ်ခြိမ်းခြောက်ပြီး ဒါမျိုးထပ်လုပ်နေဦးတော့ သူမပြောရဲတော့ဘူး.. သူငယ်ချင်း အချင်းချင်းပြောလိုက်လို့ ဟိုက လျှောက်ပြောတာတွေ နိုင်ကွက်ကိုင်တာတွေကိုလည်း တသက်လုံး ခံစားသွားရတော့မှာ.. အဒေါ်က နားစွန်နားဖျားကြားပြီး မေးမြန်းစစ်ဆေးမိတာ ကံကောင်းလိုက်တာ.. ဒီသမီးလေးကိုလည်း စိတ်ပိုင်းဆိုင်ရာ treatment တခုခုပေးကြပါစေလို့ မျှော်လင့်ပါတယ်..

ဒီဟာကို ဥပမာထားပြီး တဆက်ထဲ ပြောချင်တာ.. မိဘတွေကိုပေါ့.. သားပဲမွေးထားထား သမီးပဲ မွေးထားထား.. ကိုယ့်သားသမီးတွေကို အရွယ်နဲ့အလိုက် မျှတသင့်တင့်တဲ့ လိင်ပိုင်းဆိုင်ရာ ပညာပေးတွေ လုပ်ကြပါ.. လိင်ကိစ္စကို ရှက်စရာဆိုပြီး မပြောလွန်း လျှို့ဝှက်လွန်းရင် ကလေးမှာ အသိပညာမရှိထားရင် သူဟာ စော်ကားခံနေရတာလား တလွဲအသုံးပြုခံနေရတာလား သူ့ကိုယ်သူ ကာကွယ်ဖို့ အခွင့်အရေးရှိသလားဆိုတာတွေ နားမလည်ထားဘဲ ဒီလိုခံလိုက်ရတာမျိုးတွေ ဖြစ်လိမ့်မယ်.. ပြီးတော့ မတော်တဆ ဒီလိုဖြစ်လာခဲ့ရင်လည်း ဒါဟာ ကလေးရဲ့ အပြစ်မဟုတ်ဘူး မိဘကို ချက်ချင်းပြန်ပြောပြရမယ်ဆိုတာမျိုး သေချာနားလည်အောင် ပြောပြထားကြရမယ်ဆိုတာလေး သတိပြုမိကြဖို့ပါ.. ဘယ်သူမဆို ခံရသူ ဖြစ်သွားနိုင်တယ် ဘယ်သူမဆို ကျူးလွန်သူဖြစ်နိုင်တယ်.. ကိုယ့်ဆွေမျိုးရင်းခြာဆိုတိုင်းလည်း မယုံရဘူးဆိုတာလေးတွေလည်း သတိထားမိအောင် ပြောပြတာ..

ကလေးစိတ်ဆိုတာ သိပ်နုနယ်တယ် သိပ်စွဲလန်းလွယ်တယ်.. တစ်ခုခု အနာတရဖြစ်သွားရင်၊ တဖတ်သတ်အမှားတစ်ခုကို စွဲသွားရင် အသက်ကြီးတဲ့ထိ (ဆေးကုသသည်ဖြစ်စေ မကုသည်ဖြစ်စေ) မပျောက်နိုင်တဲ့ စိတ်ရောဂါဟာ သေရာပါ ပါပဲ..


No comments:

your comment please

Powered by Blogger.