thoughts of today: Dec 11



ဒီနေ့ သားသားကို indoor ကစားကွင်းလိုက်ပို့တယ်.. ပုံမှန်ဆို လူကြီးအနားမှာ လိုက်လို့ရတဲ့ ကစားကွင်းဘက်ကို ပို့နေကျပေမယ့် သူက အဲ့ဘက်မှာ ပျင်းနေတာနဲ့ လူကြီးတွေလိုက်ဝင်လို့မရတဲ့ ပျော့အိအိကစားကွင်းထဲ ခြေအိတ်ကလေးဝတ်ပြီး ထည့်ပေးလိုက်တယ်..

ဘေးမှာ လူကြီးဘယ်သူမှမပါဘဲ ဝုန်းဒိုင်းကျဲနေတဲ့ ကစားကွင်းထဲ တစ်ယောက်ထဲ ဝင်သွားတဲ့ သားသားကိုကြည့်ပြီး ပျော်လည်းပျော်သလို စိတ်လည်းလှုပ်ရှားတယ်.. ကစားကွင်းသတ်မှတ်ချက်အရ အသက် ၂ နှစ်ခွဲမှ ဝင်ရမယ်ပြောတယ်.. သားသားက ၂ နှစ်မပြည့်သေး.. ဒါပေမယ့် လူကောင်နဲ့ အရပ်ကရှည်တော့ ဒီလိုပဲ မသိမသာရောဝင်သွားတာ.. တကယ်တမ်း ကစားတော့.. ခုန်ရတဲ့ ပျော့အိပြားကြီးပေါ်မှာ သားသားက မတ်မတ်မခုန်နိုင်ဘူး.. သူများတွေကခုန် သူက ယိုင်ထိုး လဲကျ.. အတင်းကုန်းပြီးပြန်ထ.. သူများကဝင်တိုက်ပြန်လဲကျ.. ပြန်ထ.. နည်းနည်းလေး ထလို့ရတာနဲ့ သူခုန်နိုင်သလောက်လေး ခုန်.. ပြန်ကျ.. မနာတော့မနာဘူးပေါ့.. ဒါပေမယ့် သူ့လက်ကလေးတွေ သူများတက်နင်းမှာ သူ့မျက်နှာလေး သူများခြေနဲ့ကန်မိမှာကို လန့်နေရတယ်.. သူကတော့ ပျော်နေတာပဲ ရီနေလိုက်တာ ရှေ့သွားလေး ၂ ချောင်း ပေါ်လို့..

အဲဒီမှာ ဒီခံစားချက်ကို ကိုယ်သဘောပေါက်လိုက်တယ်.. ကိုယ့်ကို တာ့တာ လုပ်ပြီး ကျောင်းကားပေါ်တက်သွားတဲ့ သားသမီးကို လက်ပြရတဲ့ မိဘရဲ့ ခံစားချက်.. ရေမြေခြားကို သွားဖို့ လေယာဉ်ပေါ်တက်သွားတဲ့ သားသမီးကို မှန်ခန်းအပြင်ကနေ ကြည့်နေရတဲ့ ခံစားချက်.. ယုံကြည်ချက်အပြည့် ခြေလှမ်းနဲ့ လက်ပြနှုတ်ဆက်သွားတဲ့ ကျောပြင်တွေကို မြင်ရတဲ့အခါ ခံစားရတဲ့ မိဘတွေရဲ့ ခံစားချက်ဟာ ဒီလိုပဲ နေလိမ့်မယ်.. ဒီထက် အဆပေါင်းများစွာ ကြီးလိမ့်မယ်..

ဂုဏ်ယူတယ်.. စိတ်မချဘူး.. ပျော်တယ်.. ပူပင်တယ်.. ကျေနပ်အားရတယ်.. စိုးရိမ်မှုလည်း ရှိနေတယ်..

ပြင်သစ် မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်.. သားသမီးဟာ မိဘကို အားကိုးမှီခိုမနေအောင် ပြုစုပျိုးထောင်နိုင်မှ အောင်မြင်တဲ့ မိဘဖြစ်မယ်တဲ့.. ကြည်အေးကလည်း ပြောဖူးတယ်.. လူ ၂ ယောက်ဟာ လင်မယားအဖြစ် ဘဝကို စတင်.. နောက်တော့ သားသမီးတွေ ပွားစီး.. သားသမီးတွေဟာ အတောင်အလက်စုံတော့ အသိုက်ကနေခွာပြီး အောင်အောင်မြင်မြင် ပျံသန်းသွားကြတော့ မူလစတင်ခဲ့တဲ့ လူ ၂ ဦးထဲ လင်ကိုယ်မယားအဖြစ် ကျန်ခဲ့ရတယ်.. ဒါဟာသာလျှင် အောင်မြင်တဲ့ ဘဝတစ်ခုဖြစ်တယ်တဲ့..

ကလေး တစ်ယောက်ထဲ ကစားကွင်းထဲ ဝင်ကစားတာဟာ အရမ်းကို သေးဖွဲတဲ့ အဖြစ်အပျက်ကလေးပါပဲ.. ဒါပေမယ့် ကြီးမားတဲ့ ခံစားချက်နဲ့ အဖြစ်ကြီးတွေအတွက် အစပြုလိုက်တဲ့ အဖြစ်ကလေးလိုပဲ စိတ်ထဲ မှတ်မှတ်ထင်ထင်ဖြစ်ရတယ်..

#thoughtsoftoday #nN_think #nyarna #parents

No comments:

your comment please

Powered by Blogger.