သားဉာဏ် ဆေးရုံတက်ရခြင်း

ကလေးနည်းနည်းသက်သာလာပြီဆိုတော့ ဖြစ်ပျက်သမျှအကုန် စာရှည်ကြီး ပြန်ရေးပြီး မျှဝေညီးတွားရဦးတော့မှာပေါ့..

ဖြစ်ပုံက ဒီလို.. သားသားက တနင်္ဂနွေနေ့ ညက လိမ္မော်သီးအသေးလေးတွေ အားကြီးပဲ စားတယ်.. ပုံမှန်ဆို ညဘက် လိမ္မော်သီးသိပ်မကျွေးဘူး.. အဲ့နေ့ကတော့ အလိုလိုက်သော ဖိုးအေက စားပါစေဆိုပြီး ကျွေးတာနဲ့ များကြီးစားတယ်တဲ့.. အိမ်ကလူတွေကမသိဘူး.. ညဘက်ကျတော့ ငှက်ပျောသီးစားပြီး အိပ်တယ်.. တနင်္လာမနက်ကျတော့ ပဲပြုတ်ထမင်းစားတယ်.. ပြီးတော့ ဆော့တယ်.. စာအုပ်ပုံပေါ် ပြေးတက် စာအုပ်တွေလျှောကျ သူ ဟန်ချက်ပျက် ဘေးက စာအုပ်စင်နဲ့ဆောင့်.. အော်ပြဲ.. မျက်ရည်တွေထွက်.. ချက်ချင်းတိတ်သွားပြီး ဆက်ဆော့.. ခဏနေတော့ အန်..

သူ အစာမကြေလို့ အန်တယ်ထင်တယ်ပေါ့.. အဲ့ဒါနဲ့ ဒီအမေ ဒေါ်ညီက လက်စွဲတော် မဟာဖြေဆေးကိုကျွေး.. နေ့လည်ကျ ထမင်းမစား ကျွေးလို့မရဘဲ.. နို့ဗူးတေင်းစို့ပြီး အိပ်သွား.. ပြန်ထ မုန့်စား ပြန်အန်.. အဲ့တော့မှ မျက်လုံးပြူးကုန်ပြီး ပါရမီကို သွားရတယ်.. ကလေးဆရာဝန် ပရော်ဖက်ဆာဒေါ်အေးအေးနဲ့ ပြတယ်.. ခေါင်းဆောင့်ထားတယ်ပြောမိတော့ အန်တာက ထိုးအန်တာလား မှိန်းလားဘာလားတွေမေးတယ်.. ထိုးအန်တယ်လည်းဆိုရော ဒါဆို ခေါင်းထိလို့အန်တာ.. ဓာတ်မှန်ရိုက်ကြည့်မယ်ပြောတယ်.. ညီက ပြောသေးတယ် “ဗိုက်နာတာရော မဟုတ်လောက်ဘူးလား.. မနက်က ဗိုက်ကလေးကို နှိပ်နေတယ် စမ်းပေးပါ” ပြောတော့ စမ်းပေးတယ်.. ဒါပေမယ့် သားသားက ဆေးခန်းဆို ဟိုတခါနဲ့တင် အရမ်းကြောက်နေတော့ လုံးဝအထိအကိုင် မခံတော့ဘူး.. ဒီတော့ နားကျပ်လည်းသေချာထောက်မရ ဗိုက်လည်းမကိုင်လိုက်ရဘဲ.. ဗိုက်မဟုတ်ဘူးလို့ပဲ ပြောတယ်..

မလိုဘဲမရိုက်သေးဘူးဆို ပြန်လာတော့ အပြန်လမ်းမှာ ကားပေါ်မှာ အန်ပြန်တယ်.. ပြန်လှည့်ပြီး ဆေးခန်းမှာ ဓာတ်မှန်ပြန်သွားရိုက်တယ်.. ဓာတ်မှန်အဖြေရတော့ ဒေါ်အေးအေးက မရှိတော့ဘူး.. ဒါနဲ့ အရေးပေါ်က ဆရာဝန်ကိုပဲဓာတ်မှန်ပြလိုက်ရတယ်.. အရေးပေါ်မှာ ကလေးတွေများနေတော့ ဆရာဝန်အကြီးက မကြည့်နိုင်ဘူး.. လက်ထောက်ဆရာဝန် ပေါက်စလေးကိုပဲ ပြရတယ်.. သူကကြည့်ပြီး အရိုးမကျိုးဘူး ခေါင်းမအက်ဘူး ကောင်းတယ်ပြောတယ်.. ပြောနေတုန်း မောင်ဉာဏက အန်နေပြန်ပြီ.. အဲ့ဒါနဲ့ ကိုရဲအောင်သူက ဒါဆို ကလေးဆေးရုံသွားတော့မယ် ပြောတော့ သူက ဦးနှောက်နဲ့အာရုံကြောကို သွားရမှာ.. အဲ့ကို လွှဲလိုက်မယ်ဆိုလို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုသွား ရီဂျစ်စတာလုပ် ဦးနှောက်နဲ့အာရုံကြောကို လွှဲလိုက်ရော..

အဲလိုတွေ ဖြစ်နေတဲ့ တချိန်ထဲမှာ ကိုယ်တွေက ဘန်ကောက်က Samitivej ကို အီးမေးလ်ပို့ စုံစမ်းတာတွေဘာတွေ အကုန်လုပ်ပြီးပြီ.. သူတို့ဘက်ကလည်း ကလေးက ခေါင်းထိတာဆိုတော့ ဒီဘက်က ဆရာဝန်တွေက လေယာဉ်ပေးစီးမှ လာပါလို့ပြောတယ်.. အိုခေ.. အဆင်သင့်တော့ အကုန်လုပ်ပြီးပြီ လိုရင်သွားရုံပဲပေါ့..

အရေးပေါ်မှာ ဘဝင်မကျတာတွေကတော့ ထုံးစံအတိုင်းဖြစ်တယ်.. စာရင်းသွင်းတယ်.. မြန်ပါတယ်.. ဒီဘက် ပါရမီက လွှဲစာလည်းပါတော့ သိပ်ပြဿနာ မရှိဘူး.. ဒါတောင် ကိုရဲအောင်သူက ကလေးချီထားရင်း “ဦးနှောက်အာရုံကြောက ဘယ်ဘက်လဲ ဘယ်နားလဲ” မေးတာကို အဲ့ဒီက ဆရာဝန်ကောင်လေးက “ဟိုနားမှာစောင့်လို့ပြောနေတယ်လေ ဟိုမှာစောင့်” ဆိုပြီး လက်ညှိုးထိုးပြီး အော်သေးတယ်.. ဘေးကနေ ညီ့အမေက “မဟုတ်ဘူး ကိုယ့်ကားနဲ့ကိုယ် သွားလို့ရမရ သိချင်လို့ ဘယ်နားလဲမေးတာ” ဆိုမှ နည်းနည်းအသက်ပိုကြီးတဲ့ ဆရာဝန်မက သေချာပြန်ပြောတယ်.. ထားပါတော့..

အဲ့ဒါ ညနေ ၆း၃၀ လောက်ရှိနေပြီ.. သူတို့ဆေးရုံကားနဲ့ ကလေးကိုခေါ်သွားတော့ ကိုရဲလိုက်သွားတယ်.. ညီတို့က ကားနဲ့သွားကြိုစောင့်နေတယ်.. ဟိုကိုရောက်တယ်.. မိတ်ဆွေတွေရဲ့ အဆက်အသွယ်အကူအညီတွေနဲ့ဆိုတော့ ဒေါက်တာမောင်မောင်တို့ ဒေါက်တာမြတ်သူတို့လို အကြီးအကဲဆရာဝန်ကြီးတွေဆီ ကိုယ့်ကလေးနာမည်က သိနှင့်နေပြီ.. ဒါပေမယ့် ဆေးရုံကားရောက်တော့ ဒရိုင်ဘာက လူနာဆေးစာအုပ်တွေအထပ်လိုက် ကိုင်ထားပြီး အပေါက်မှာ ယောင်ချာချာလုပ်နေပြန်ရော.. “ကလေးစာအုပ်ပေး အပေါ်တက်နှင့်မယ် ဆရာဝန်ပြမယ်” ပြောတာကို “ကျနော်ယူထားမှာ ကျနော်ပါမှရမှာ တက်နှင့်လို့မရဘူး” ဆိုပဲ.. နေမကောင်းနေတဲ့ လူနာတွေက သူယောင်ချာချာလုပ် အာဏာပြတာကို စောင့်နေတော်မူရတယ်.. ထားပါတော့..

အပေါ်ရောက်.. လူနာကြည့်.. “ဟုတ်ကဲ့ ဆရာ ခုပဲ ဉာဏအောင် ရောက်လာတယ် သမီးကြည့်ပြီး ဆရာ့ကို ပြန်ပြောပါ့မယ်”ဆိုပြီး ကိုယ်တွေကို ပထမဆုံးကြည့်ပေးပါတယ်.. နောက်တော့ ဘယ်လိုလုပ်မယ်ဘာလုပ်မယ်ကို ဖုန်းနဲ့တွေ ပြောတယ်.. ကူညီတဲ့ မိတ်ဆွေတွေကို အရမ်းကျေးဇူးတင်မိတဲ့အချိန်ပဲ.. မဟုတ်ရင် အဲ့ဒီ လူနာကြည့်ခန်းသေးသေးလေး ရှေ့မှာ ဘယ်အချိန်ခေါ်ကြည့်မယ်မှန်းမသိ တစောင့်စောင့် လုပ်နေရမှာ..

ကုတင်က အောက်ထပ်မှာရတယ်.. သားသားက အခြေအနေမဆိုးဘူး.. ခေါင်းထိတာဆိုပေမယ့် အထဲမှာ တခုခုဖြစ်တဲ့ လက္ခဏာမရှိဘူး.. မမှိန်းဘူး သွေးမယိုဘူး.. အန်နေတာတခုပဲ.. တညလုံး ဒုက္ခရောက်.. အအေးကြိုက်တဲ့ ကလေးက ပူအိုက်လွန်းလို့ ချွေးတွေထွက် နှုံးနေ.. ခြင်တွေကိုက်လို့ လူကြီးတွေ တညလုံးမအိပ်ဘဲခြင်ယပ်ပေးရ.. ဘေးကုတင်တွေက လူနာတွေကညီး.. ရွံတတ်တဲ့ ကလေးဆိုတော့ သူများအန်သံကြားရင် သူက လိုက်အန်.. ကိုယ်ပူချိန်တွေ ထိုးတက်.. နောက်ဆုံး မခံနိုင်လို့ ဆရာဝန်ကို မနက် ၃ နာရီကြီး သွားပြောပြီး သားသားကို ကားထဲမှာ ပြင်ဆင်ပေးပြီး အိပ်ခိုင်းရတယ်.. ခရီးသွားမယ်လို့ သူကထင်နေပုံပဲ.. တာ့တာ တဲ့.. ကားထဲရောက်မှအဲကွန်းနဲ့ ဘာနဲ့ဆိုတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်သွားတယ်..

အစိုးရဆေးရုံတွေက အားကိုးစရာကောင်းပါတယ်.. ကျွမ်းကျင်ဆရာဝန်တွေ အချိန်ပြည့်ရှိတယ်.. ပစ္စည်းစုံတယ်.. ခက်တာက လူနာအတွက် ဘာတစ်ခုမှသက်တောင့်သက်သာမရှိဘူး.. အိမ်သာနဲ့ လူနာကုတင်တွေနဲ့ အဝေးကြီးတွေ.. လူနာတွေအတွက် ကုတင်ကောင်းကောင်းမရှိဘူး.. ခြင်စကာ အဲကွန်းမရှိဘူး.. ဆေးလိုရင် အဝေးကြီးတွေသွားဝယ်ရတယ်.. လူနာကြည့်တာက အပေါ်ထပ်မှာ.. အောက်ထပ်ကလူနာတွေက အပေါ်ကို တက်တက်ပြီး သွားပြရတယ်.. ကလေးဆောင် သပ်သပ်မရှိတော့ လူကြီးတွေကြားထဲနေရ.. လူနာကုတင်တွေက တခုနဲ့တခု ကပ်နေတော့ ရောဂါတွေပြန်ကူးမှာ ကြောက်ရ.. လူနာစောင့်တွေ ဖြစ်သလို ကြမ်းပေါ်မှာအိပ်ရ.. (လူနာကုတင်ပေါ်လူနာစောင့် မထိုင်ရ)လို့စာကပ်ထားပေမယ့် လူနာစောင့်ထိုင်စရာ ဘာတစ်ခုမှ မပေးထားနိုင်ဘူး.. ဒီကြားထဲ အနီဝတ်တွေ အစိမ်းဝတ်တွေရဲ့ ပက်စက်တဲ့အပြောတွေကိုလည်း ခံရတယ်..

၉ လသား ကလေးလေးတစ်ယောက်ပုခက်ပေါ်က လိမ့်ကျလို့ ဆေးရုံလာတက်တာကို အဲ့ အစိမ်းဝတ်အန်တီက ပြောထည့်လိုက်တာ “အမေက ဘာလုပ်နေလို့လဲ” တဲ့.. ညီသာဆို “ဒီလိုပဲ ကလေးမကြည့်ဘဲ သွားရွနေမိလို့” လို့ဖြေပစ်လိုက်မိမလားမသိဘူး.. မြန်မာနိုင်ငံမှာ victim blaming လုပ်တဲ့အကျင့်ဟာ အရိုးကိုစွဲနေတာ.. ဒီစကားက နာ့ပ်စ် တစ်ယောက်က ပြောသင့်တဲ့ စကားလား.. နည်းနည်းလေးမှကိုယ်ချင်းစာတရား မထားဘူး.. ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြုပြင်ပြောင်းလဲရမှာတွေ လိုအပ်နေတာတွေ အများကြီးတွေ့လာခဲ့ရတယ်.. ကောင်းပါတယ်.. ခု အလုပ်သစ်ဝင်မှာက CSR အပိုင်းဆိုတော့ ထည့်သွင်းစဉ်းစားစရာတွေ တိုးတာပေါ့..

အဲလိုနဲ့ မိုးလင်းပြီး အင်္ဂါနေ့ရောက်.. ဒေါက်တာမောင်မောင်က ကလေးခေါ်ကြည့်.. သူကြည့်နေတုန်း အန်.. ဒါပေမယ့် ခေါင်းရဲ့လက္ခဏာလည်း မဟုတ် ဆေးရုံနေရတာကလည်း ကလေးစိတ်ဆင်းရဲတော့ အိမ်ပြန်ခေါ်ခွင့်ပေးတယ်.. ချက်ချင်းပစ္စည်းသိမ်းပြီး ၁၀ နာရီမှာ ကလေးခေါ်ပြန်.. သူ့အဖိုးက ဆေးရုံဆင်းစာ စောင့်ယူတာ နေ့လည် ၂ နာရီမှ ပြန်ရောက်တယ်.. အဲ့နေ့ တစ်နေကုန် ထပ်မအန်ဘဲ နို့ဗူး နည်းနည်းစီစို့နိုင်တယ်.. ကေားင်ကောင်းအိပ်တယ်.. ရီပြုံးစကားပြောတယ်.. နောက်နေ့ ဗုဒ္ဓဟူး တစ်နေကုန် လန်းဆန်း ရီမော ဆော့နေတယ်.. ထမင်းနည်းနည်းစားတယ်.. ဒါပေမယ့် ဝမ်းသွားတာ ၅ ခါတောင်.. သူ ပြန်ဆော့နေပြီ နေကေင်းပြီဆိုပြီး ပုံတောင် တင်လိုက်သေးတယ်..

ကြာသပတေးကျတော့ မနက်ခင်းအစောကြီးမှာ အဖျားတွေတက်.. ဝမ်းသွား.. ၁ ခါအန်.. တစ်နေကုန် နို့ပဲနည်းနည်းစီ စို့နိုင်ပြီး ပျော့ခွေနေတာပဲ.. ကိုယ်တွေလည်းပူတယ်.. အဲ့အချိန်မှာ လူက အရမ်းကိုလွတ်သွားပြီ.. မအိပ်ရတာလည်း ၄ ညရှိပြီဆိုတော့ စိတ်ကလည်း ဂေါက်သလို ကြောင်သလိုဖြစ် ကျွတ်ဆတ်ဆတ် စိတ်မရှည်တွေဖြစ်.. ဘန်ကောက်ဆေးရုံကို ထပ်ဆက်သွယ်... ကလေးဆရာဝန် ဒေါ်ကြူကြူစိုး စိတ်ရှည်တယ်ဆိုပီး ညွှန်းကြတဲ့ ဒေါပုံက ဆေးခန်းကို ဖုန်းဆက် တိုကင်ယူ.. တိုကင်ယူတဲ့ ဆရာဝန်မရဲ့ အမေအဖွားကြီးက စကားပြော အချိုးမပြေ.. မောက်မာလွန်းလို့ ရန်ဖြစ်.. bioflore တိုက် ဓာတ်ဆားရည်ကို အတင်းချော့တိုက် မရတော့ ချုပ်တိုက်.. ထိုင်မရ ထမရ စိတ်ပူ.. သူအိပ်နေတိုင်း အသက်ရှူရဲ့လား သွားသွားစမ်းလိုက်.. ခိုး ငိုလိုက်.. ပြန်နိုးလာပြီး စကားပြောရင် စိတ်အေးလိုက်..

ညနေ ၆ နာရီကျတော့မှ ဒေါ်ကြူကြူစိုးဆေးခန်းကိုပြေး.. စမ်းသပ်တော့.. အမလေးးး တော်ပါသေးရဲ့.. ဗိုက်အအေးပတ်တယ်ခေါ်မလား.. အစာမကြေ ဝမ်းပျက်တာတဲ့.. သောက်ဆေးပဲ မနက်တခါ ညတခါတိုက်ရမယ်ဆိုလို့ စိတ်တော်တော်အေးသွားတာပဲ.. ဒါတောင် အပြည့်မအေးသေးဘူး.. ဒီကဆရာဝန်တွေရဲ့ ရောဂါရှာဖွေကုသမှုကို သိပ်စိတ်မချဘူးလေ.. ကလေးကလည်း မပြောတတ်သေးတဲ့ အရွယ်ကိုး.. ဒါပေမယ့် မကျေနပ်တာ တစ်ခုပဲ.. mother instinct ကိုမယုံကြတာကိုလေ.. ဗိုက်ဖြစ်တာထင်တယ်လို့ အခါခါပြောပါလျက်နဲ့ ဘယ်ဆရာဝန်ကမှ ဗိုက်ကိုမစမ်းလို့ ကလေးပိုခံရတာလို့ ထင်တာပဲ.. မှန်ပါတယ် ပိုအရေးကြီးတာကို ဦးစားပေးကုရလို့ ခေါင်းကို အာရုံစိုက် စစ်ဆေးကြတယ်ဆိုတာ.. ဒါပေမယ့် ဗိုက်ကိုလည်း စမ်းပေးပါလို့ ဆရာဝန် ၃ ယောက်တိတိကို ပြောတာတောင် ဗိုက်မဟုတ်ဘူး ဗိုက်ဆို ဒီလိုလက္ခဏာမဟုတ်ဘူး ထိုးအန်တာက ခေါင်းထိလို့ ဆိုတာချည်းပဲ ပြောလို့ အံ့သြတာ..

ခုသားသားဖြစ်တာမှာ ဖြစ်နိုင်ချေက ၂ ခု.. ပထမ ၆၀% ဖြစ်နိုင်တာက.. အစကတည်းက အစာမကြေဝမ်းပျက်တာ ခေါင်းဆောင့်တာနဲ့ တိုက်ဆိုင်သွားပြီး ဆေးကု နောက်ကျတာ.. နောက်ထပ် ဖြစ်နိုင်ချေ ၄၀% က ခေါင်းဆောင့်တဲ့အရှိန်ကြောင့် အန်တာ.. အရမ်းမပြင်းထန်လို့ ဘာမှ ကြီးကြီးမားမားမဖြစ်ဘဲ ဆေးရုံကနေ တခြားလူတွေဆီက မသန့်တာတွေကူးလာလို့ ဝမ်းပျက်တာ.. အဲ့လို ထင်ရတာအကြောင်းကဘာလဲဆိုတော့ ဆေးရုံမှာ တညစောင့်အိပ်ပြီး နောက်နေ့အိမ်ပြန်ရောက်တော့ ညီရော ကိုရဲရောလည်း ဝမ်းလျှောသလိုတွေဖြစ်လို့..

ကဲ- ဖြစ်ပုံကတော့ ဒါပဲ.. ခု ဒီနေ့ သောကြာမှာတော့ သားဉာဏ် ဝမ်းတခါပဲသွားတယ်.. မအန်ဘူး.. နို့ဗူးစို့တယ်.. ထမင်းနည်းနည်းပုစိလေး စားတယ်.. စကားပြောတယ်.. မျက်နှာတွေပြောင်တယ်.. ပိုကောင်းလာတယ်လို့ ထင်ပါတယ်.. သက်သာသွားမယ်လို့လည်း တကယ်စိတ်ထဲ ထင်တာပါပဲ.. ဖြစ်ခဲ့တဲ့ရက်တွေမှာ ကူညီပေးကြသူတွေ စိတ်ပူကြသူတွေ အကြံပေးကြသူတွေ အကုန်လုံးကို တကယ်ကို ကျေးဇူးတင်ပါတယ်.. သားသားရဲ့ အဖိုးအဖွားတွေ အဒေါ်တွေ ဦးလေးတွေကိုလည်း မိဘ ၂ ပါးရဲ့ ဆုံးဖြတ်ချက်တိုင်းကို အလေးထားပြီး ဝင်မစွက်ဖက်ပဲ ဘေးကနေ အဆင်ပြေအောင် ပံ့ပိုးကူညီကြလို့ ကျေးဇူးတင်ပါတယ်.. တညလုံး ဆေးရုံလိုက်စောင့်ပေး ဆေးလိုရင်ပြေးဝယ်ပေး ခြင်ယပ်ပေးတဲ့ YAT GROUPက အောင်ကျော်ထက်ရော၊ ချက်ချင်းဖုန်းတွေဆက် အကူညီတွေပေးကြတဲ့ mommy Eih, ma Ei တို့ရော၊ ရုတ်တရက်ဆေးရုံပြေးလာရတာဆိုတော့ ပိုက်ဆံလိုနေမှာပဲဆိုပြီး ယူလာပေး ညစာစားဖို့ တခေါက်ထွက်ဝယ်ပေးတဲ့ ma Hlaတို့ လင်မယား၊ ဂဒီးဂဒီး ဖုန်းဆက်မေးသမျှ ဖြေပေးကြ လူကိုယ်တိုင်လာကြည့်ကြ ဆရာဝန်ကြီးတွေဆီမှာ အပ်ပေးကြတဲ့ ma Sandi Thaung, Htoo Myint Naung Yadana, Ko Oakar, ဘစ်ဂီ ရော၊ အကုန် အကုန်.. အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်.. စိတ်ထဲမှာ တကယ်အလေးအနက်ထားပါတယ်..

YAT-nN + Nyarna Family
#ဦးဂွမယ်ညစ်ပုံပြင်များ (၁၀)

No comments:

your comment please

Powered by Blogger.